Welcome

မင်္ဂလာပါ။ အနတ္တ ကဗျာဥယျာဉ် လေးမှ နွေးထွေး လှိုက်လဲစွာ ကြိုဆိုပါတယ် ခင်ဗျာ။ အနတ္တရဲ့ ကဗျာ သစ်ပင်လေးတွေက အသစ်အသစ်ကလေးတွေတော့ မဟုတ်ပါဘူး။ စိတ်မီးအိမ် ဘလော့ ဥယျာဉ်လေးမှာ ဟိုတနေရာ ဒီတနေရာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ကဗျာချစ်ခင်တဲ့ မိတ်ဆွေများအတွက် စုစည်း တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ တဆက်ထဲ အရိပ်ရဲ့ ကဗျာ ဥယျာဉ်လေးကို သွားရောက် လှည့်လည်ကြည့်ရှု နိုင်ပါတယ်။ လာလည်တဲ့ မိတ်ဆွေများရဲ့ အဖိုးတန် အကြံဉာဏ်များကိုလည်း တလေးတစားနဲ့ ခံယူပါရစေခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခါသင့်လို့ အခွင့်သာရင်လည်း လာလည်ပါဦးလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်မံတက ပြုလိုပါတင်ခင်ဗျာ…….။

Wednesday, December 7, 2011

"ငွေလမင်း"
















အလင်းကိုယ်တိုင် မပိုင်ဆိုင်သော်လည်း
အများအကျိုး တဆင့်ပိုးသယ်
လောင်မြိုက်အပူ သူစုပ်ယူပြီး
အေးမြအလင်း ဖြန့်ဝေရင်းဖြင့်
အများကောင်းကျိုး သယ်ပိုးရွက်ဆောင်
ထွန်းပြောင်လှသည့် ငွေလမင်း။

သူ့အလင်းရောင် မျှော်ဆောင်ပွင့်သည့်
ကုမုန္ဒြာပန်း ရေမှာလန်းအောင်
တာဝန်မယွင်း မလင့်ဟင်းဘဲ
သတိဆောင်သည့် ငွေလမင်း။

စန္ဒာလမင်း ထွန်းလင်းပလျှင်
ရေငါးတသိုက် မပျော်ပိုက်ဘဲ
တံငါမုဆိုး ဇွတ်မတိုးအောင်
စွမ်းဆောင်ရှာသည့် ငွေလမင်း။

အများအကျိုး ထိုထိုသယ်ပိုး
အားကျိုးမာန်တက် ရွက်ဆောင်ပေမဲ့
ဖေးမအဖော် မပေါ်သောကြောင့်
တစ်ကိုယ်တည်းလွမ်း မှန်းဆတမ်းတ
နွမ်းလျှဘဝ သနားစရာ
အားငယ်ရှာသည့် ငွေလမင်း။

"လိပ်ပု အမှတ်တရ"






နှောင်ကြိုးတွေမသီမှီ မခင်ခဲ့ရရင်ဖြင့်
ရင်ထဲဝေဒနာ မခံစားရတော့ဘူးပေါ့
ခုတော့ရင်မှာ
ဖြတ်လို့မရ သံယောဇဉ်တွေ
တွယ်ခဲ့ပြီးကာမှ
ခွဲကြရမယ်ဆိုတော့
သူငယ်ချင်းရယ်
ရင်ထဲဝေဒနာ ကြေငြာလို့တော့မပြချင်ဘူး
ဒါပေမယ့်လေ
ရင်ထဲမှာတော့ ကျွမ်းမြေ့ကြေကွဲ ။

လိပ်ပု

"အမှား"









ချစ်လို့မှားတဲ့ အမှား
မုန်းလို့မှားတဲ့ အမှား
ကြောက်လို့မှားတဲ့ အမှား
တွေဝေလို့မှားတဲ့ အမှား
အမှား အမှား မှား မှား

အမှားသံဿရာ အမှားကမ္ဘာမှာ
ကြိမ်ဖန်များစွာ တို့တွေမှားလာ
အမှားဝင်္ကဘာ အမှားအသင်္ချာ
ရှိလာပါလည်း မှားပြီးရင်းမှား
အမှား အမှား မှား မှား

မှန်တယ်ထင်တဲ့ အမှား
မှားတယ်ထင်တဲ့ အမှန်
အမှန်ကိုအမှားထင်တဲ့ အမှား
အမှားကိုအမှန်ထင်တဲ့ အမှား

လုပ်လို့မှားမှား မလုပ်လို့မှားမှား
အလျားအနံ မရှိပေမယ့်
အသွားအပြန် ရှိတဲ့အမှား
မှားမြဲမှားနေ တို့တတွေသည်
အငှားခန္ဓာ မှားစွာတွယ်ဖက်
သူ့ဘက်ပါအောင် မှားစွာရွက်ဆောင်

မရှိကိုအရှိထင်တဲ့ အမှား
မပြတ်ကိုအပြတ်ထင်တဲ့ အမှား
မဆက်ကိုအဆက်ထင်တဲ့ အမှား
ပိန်းပိတ်အောင်မှား လိမ့်ပိန့်အောင်မှား

ဒီလိုမှားလာ များစွာဘဝ
ရှိသပလည်း လွတ်အောင်ရုန်းမူ
မပြုဆောင်သူ နွံနစ်သူပမာ
ခံရမည်မှာ မမှားလေတည်း။