Welcome

မင်္ဂလာပါ။ အနတ္တ ကဗျာဥယျာဉ် လေးမှ နွေးထွေး လှိုက်လဲစွာ ကြိုဆိုပါတယ် ခင်ဗျာ။ အနတ္တရဲ့ ကဗျာ သစ်ပင်လေးတွေက အသစ်အသစ်ကလေးတွေတော့ မဟုတ်ပါဘူး။ စိတ်မီးအိမ် ဘလော့ ဥယျာဉ်လေးမှာ ဟိုတနေရာ ဒီတနေရာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ကဗျာချစ်ခင်တဲ့ မိတ်ဆွေများအတွက် စုစည်း တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ တဆက်ထဲ အရိပ်ရဲ့ ကဗျာ ဥယျာဉ်လေးကို သွားရောက် လှည့်လည်ကြည့်ရှု နိုင်ပါတယ်။ လာလည်တဲ့ မိတ်ဆွေများရဲ့ အဖိုးတန် အကြံဉာဏ်များကိုလည်း တလေးတစားနဲ့ ခံယူပါရစေခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခါသင့်လို့ အခွင့်သာရင်လည်း လာလည်ပါဦးလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်မံတက ပြုလိုပါတင်ခင်ဗျာ…….။

Thursday, February 2, 2012

"ဒို့နှစ်ယောက်"







သိပ်ချစ်ခဲ့ကြတယ် ဒို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် အပျောက်မခံ
လောကဒါဏ်တွေဘယ်လိုပင် ရိုက်ခတ်ရိုက်ခတ်
ပိုင်းဖြတ်တဲ့စိတ်ထားတွေ မယိုင်မနဲ့ဘဲ
ခိုင်မြဲတဲ့သံမဏိကြိုးတွေထက် မြဲမြန်
ပိုးကြိုးတဖန်အရုံးပေးရမဲ့ နုညံ့မှုတွေနဲ့
သံယောဇဉ်တွေ ကြီးခဲ့ကြတယ်လေ……

ဖောင်စီးရင်ရေငတ်
လမ်းလျှောက်ရင်လမ်းပျောက်ခဲ့ပေမယ့်
တစ်ယောက်လက်တစ်ယောက် မလွှတ်စတမ်းဆုပ်ကိုင်
မမောနိုင်မပန်းနိုင်တဲ့ ခရီးရှည်လျှောက်လှမ်းရင်း
ဘဝအမောတွေဖေးကူလို့ ဖြေရှင်းကြတယ်လေ……….

တူညီတဲ့ရည်မှန်းချက်တွေချမှတ်
ဆုံးဖြတ်ချက်ပြတ်သားမှုတွေ ပွေ့ပိုက်
ဘေးရန်တွေဘယ်လိုပင် ဝိုင်းရံနေပါစေ
မတုန်လှုပ်သောဇွဲသတ္တိတွေ မွေးမြူ
ရည်မှန်းချက်တူကို အရောက်လှမ်းမယ်ဆိုပြီး
ခဏတာခွဲခွါလိုက်ကြတာ မိုင်ထောင်ချီနေပါရောလား……….

အချိန်တွေမည်မျှပင် ကုန်ဆုံးပါစေ…………
ဒို့နှစ်ယောက်မည်မျှပင် ဝေးကွာပါစေ………
မည်သူတွေမည်မျှပင် တားဆီးပါစေ………..
ကြမ္မာဆိုးတွေမည်မျှပင် ဖန်တီးပါစေ……….
အစဉ်အလာတွေမည်မျှပင် ကြီးဆိုးပါစေ……
ဒို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို
ဘယ်လိုမှမှေးမှိန်အောင် လုပ်နိုင်မယ်ထင်ပါဘူးလေ………...

သြော်……………
ဒို့နှစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ………….

No comments: